အဝလွန်ကဲခြင်း
01-Mar-2017
အဝလွန်ကဲခြင်း သို့မဟုတ် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုမိုနေခြင်းသည် ဆီးချိုသွေးချိုရောဂါ ဖြစ်ပေါ်လာမှုတွင် အရေးပါသော အကြောင်းအချက်ဖြစ်နေပါသည်။ အဝလွန်ကဲခြင်းသည် ခနွာကိုယ်အတွင်း အဆီဓာတ်များ စုဝေးလာခြင်းကြောင့် ဖြစ်သည်။ နေ့စဉ်စားသောက်သည့် အစားအစာမှရသည့် အင်အားဓာတ်ခေါ် ကယ်လိုရီသည် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုအတွက် အသုံးပြုရသည့် စွမ်းအင်အတွက် သုံးရသည့် ကယ်လိုရီထက် ပိုနေ၍သာ အဝလွန်လာရခြင်း ဖြစ်ပါသည်။ စားသောက်မှုကြောင့်ရသော အင်အားဓာတ်သည် လှုပ်ရှားမှုတွင် လောင်ကျွမ်းသွားအောင် အသုံးပြုရမည့် အင်အားဓာတ်ထက် များနေသောအခါ ပိုလျှံစွမ်းအင် ဓာတ်များကို အဆီဓာတ်အသွင်ပြောင်းကာ ခန္ဓာကိုယ်အတွင်းသို့ လှောင်းထားခြင်းဖြင့် အဝလွန်ကဲလာ ကြရပါသည်။
ပိုလျှံနေသော အင်အားဓာတ်မှ ဖြစ်ပေါ်လာသော အဆီဓာတ်များသည် ခန္ဓာကိုယ် အရေပြားအောက်တွင်လည်းကောင်း၊ ဝမ်းဗိုက်အတွင်းတွင်လည်းကောင်း သိုမှီထားလေ့ရှိပါသည်။ အဆီဓာတ်များသည် ယခင်ကာလများက အင်အားဓာတ် သိုမှီထားရုံ သက်သက်အတွက်သာဟု ယူဆလာခဲ့ကြရာမှ၊ တိုးတက်လာသော ဆေးသိပ္ပံပညာ၏ တိုင်းထွာစစ်ဆေး ချက်များအရ ၎င်းအဆီ များသည် ခန္ဓာကိုယ်အတွက် အရေးကြီးသော ဟော်မုန်းဓာတ်များ ထုတ်ပေးသည့် အင်္ဂါအစုကြီး ဖြစ်နေသည်ဟု ယခုကာလတွင် ပြောင်းလဲလက်ခံ လာကြပါသည်။ အဆီများမှ ထွက်လာသော ဟော်မုန်းဓာတ်များက ခန္ဓာကိုယ်အတွင်း ကစီဓာတ်၏ ဇီဝဖြစ်စဉ်တွင် ပြောင်းလဲမှုများဖြစ်ပေါ်စေကာ၊ ကိုယ်အတွင်း အချိုဓာတ်ခေါ် ဂလူးကို့စ်ဓာတ်ကို များပြားစေခြင်းဖြင့် သွေးချိုလာစေပါသည်။ ထို့ကြောင့် အဝလွန်ကဲသူများသည် အဝမလွန် သူများထက် ပို၍ ဆီးချိုသွေးချိုရောဂါ အဖြစ်များပြားနေကြခြင်း ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးတင့်ဆွေ
ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါကုဆရာဝန်ကြီး